အရှင်မဟာကဿပ(သို့မဟုတ်)ဆင်းရဲသားတို့၏ကိုးကွယ်ရာ
အရှင်မဟာကဿပ(သို့မဟုတ်) ဆင်းရဲသားတို့၏ ကိုးကွယ်ရာ
=========================================
{အရှင်မဟာကဿပ မထေရ်မြတ်ဟာ ဓုတင်အရာမှာ ဧတဒဂ်ရတဲ့ တတိယ မဟာသာ၀ကကြီးတစ်ပါး ဖြစ်တော်မူ ပါ တယ်။ လွန်လေပြီးသောအခါ ကမ္ဘတစ်သိန်းထက်က ဓုတင်အရာမှာ ဧတဒဂ်ရတဲ့ အရှင်မဟာနိသဘမထေရ်ကို ကြည်ညို အား ကျကာ ပဒုမုတ္တရ မြတ်စွာဘုရားရှင်ရဲ့ထံတော်မှာ ဆုထူးပန်ဆင်ခဲ့တာဖြစ်ပြီး ပါရမီတော်တွေကို ထူးချွန်ပြောင်မြောက်စွာ ဖြည့် ဆည်းတော်မူခဲ့တာလည်း ဖြစ်ပါတယ်။
အရှင်မဟာကဿပမထေရဲ့ အတိတ်ဘာဇာတ်ကြောင်းနဲ့ ပစ္စုပ္ပာန်ဘ၀ အချင်းအရာတွေဟာ အင်မတန် ဆန်းကြယ် အံ့သြဖွယ်တွေဖြစ်သလို လွန်စွာမှလည်း ကြီးကျယ်မြင့်မြတ်လှပါတယ်။ အမရပူရ(တောင်မြို့) မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာ ဘိဝံသက " မြန်မာပြည်က ထေရုပ္ပတ္တိတွေဟာ လူလို မရေးကြဘူး။ နတ်လို ရေးနေကြတယ်။ ငါ့ကတော့ ငါရဲ့ထေရုပ္ပတ္တိကို လူလိုပဲရေးမယ်"လို့ တစ်ချိန်က မိန့်ကြားတော်မူခဲ့ဖူးပါတယ်။အရှင် မဟာကဿပမထေရ်ရဲ့ ထေရုပ္ပတ္တိကို ရေးမယ်ဆိုရင်တော့ "လူလို နတ်လိုသာမက ဗြဟ္မာလို ရေးပါမှ"တိကျမှန်ကန်ပြည့်စုံနိုင်မှာပါ။}
အရှင်မဟာကဿပ မထေရ်လောင်းလျာဟာ နောက်ဆုံးဘ၀မှာ မဂဓတိုင်း၊ မဟာတိတ္ထ ပုဏားရွာ ကပိလပုဏား သူဌေးကတော်ကြီးရဲ့သား လာဖြစ်ပါတယ်။ ပိပ္ပလိလုလင်လို့ အမည်တွင်ပါတယ်။ ပိပ္ပလိလုလင် အရွယ်ရောက်လာတဲ့အခါ မိဘတွေက အိမ်ထောင်ပြုဖို့ အကြိမ်ကြိမ် တိုက်တွန်း တောင်းပန်ကြပါတယ်။ ပိပ္ပလိလုလင်ဟာ ဗြဟ္မာ့ပြည်က စုတေလာခဲ့သူပီပီ အိမ်ထောင် မပြုလိုဘဲ မိဘတွေ ကွယ်လွန်တဲ့အခါ ရဟန်းပြုမယ်လို့ သာသနာဘေတ်ာဘက်မှာ စိတ်ညွတ်သူ ဖြစ်ပါတယ်။
မိဘတွေက မဖြစ်မနေ တိုက်တွန်းတဲ့အခါ နတ်မိမယ်လို အင်တန်လှပတဲ့ ရွှေစင်ရုပ်တစ်ခုကို သွန်းထုပြုလုပ်စေကာ "ဒီရွှေစင်ရုပ်ထုလို ချောမောလှပတဲ့ မိန်းမပျိုကိုရရင်အိမ်ယာတည်ထောင် လူ့ဘောင်မှာ နေပါ့မယ်လို့"လို့ စကားလမ်းကြောင်း ပြောင်းပါတယ်။ ဒါပေမယ့် မိဘတွေက ရွှေစင် ရုပ်ထက် လှပချောမောတဲ့ မိန်းမပျိုကို ရအောင်ရှာဖွေလာနိုင်တဲ့အခါ နည်းမျိုစုံနဲ့ ပျက်အောင် ကြိုးစားတဲ့ ကောသိယပုဏားသူဌေးကြီးရဲ့သမီး ဘဒ္ဒါလိကာပိလာနီနဲ့ လက်ထပ်ထိမ်းမြားရပါတယ်။
ထိမ်းမြားမင်္ဂလာပြုပြီးတဲ့နေ့မှာပဲ သတို့သားနဲ့ သတို့သမီးတို့ဟာ ပန်းကုံးတစ်ကုံးစီ အသင့်ယူ ဆောင်လာခဲ့ပြီး၊ မိမိတို့ရဲ့ နံဘေး အိပ်ရာအလယ်မှာချထားကာ"ရာဂကို မထိစမ်း"လို့ ကတိက၀တ်ပြု အိပ်စက်ကြပါတယ်။ ပန်းကုံးတွေ မညှိုးနွမ်းသလို ပိပ္ပလိနဲ့ ဘယ်ဘဒ္ဒါတို့ဟာလည်း အမြဲတစေ မောင်ရင်းနှမလို ဖြူစင်စွာ အတူနေထိုင်သွားနိုင်ကြပါတယ်။
မိဘတွေနဲ့ အတူနေစဉ်က စီးပွားရေး ကြီးပွါးရေး၊ လူမှုရေးတွေကို စိတ်မ၀င်စားခဲ့တဲ့ ပိပ္ပလိတို့ ဟာ မိဘတွေ ကွယ်လွန်သွားချိန်မှာ မိဘလက်ငုတ် စီးပွားရေးလုပ်ငန်းတွေကို ကြီးကြပ် စီမံရပါတော့တယ်။ ပိပ္ပလိသူဋ္ဌေးသားရဲ့ ချမ်းသာကြွယ်၀မှုဟာ လွန်စွာကြီးကျယ် များမြောင်လှပါတယ်။ ငွေကြေး တန်ဖိုး ရွှေဒင်္ဂါး ရှစ်ဆယ်ခုနှစ်ကုဋေရှိပြီး တစ်နေ့တစ်နေ့ ရေချိုးရာ မျက်နှာသစ်ရာ ကိုယ်လက်သန့် စင်ရာမှာ အသုံးပြုပြီး စွန့်ပစ်တဲ့ ရွှေမှုန်တွေကိုပဲ စုဆောင်းထားရင် ခြောက်ပြည်သားခန့်ရှိပါတယ်။
စက်ယန္တရား အသင့်တပ်ဆင်ပြီး တစ်ဖက်ဆည်ကန်ကြီးပေါင်း အလုံး ၆၀ ပိုင်ဆိုင်ကာ လယ်ယာ လုပ်ခင်း မြေ အကျယ်အ၀န်းက ၁၂ ယူဇနာ (မိုင်တစ်ရာ)ကျယ်၀န်းပါတယ်။ အလုပ်သမားတို့နေရာ ရွာကြီး ၁၄ရွာနဲ့ ဆင်တပ်၊ မြင်းတပ်၊ ရတားတပ်ပေါင်း ၄၂ ခုလည်း ပိုင်ဆိုင်ကြပါတယ်။
ပိပ္ပလိသူဋ္ဌေးကြီးဟာ တစ်နေ့တော့လုပ်ခင်းလယ်တစ်ခုကို ကြည့်ရှုစီမံနေတုန်း လယ်ကွက် အတွင်းက တီကောင်ပိုး ကောင်တွေကို ထိုးသုတ်စားသောက်နေကြတဲ့ ကျီးငှက်တွေရဲ့ အကုသိုလ် အမှုကို တွေ့မြင်ပြီး အသက်မွေး၀မ်းကြောင်းပြုမှုရဲ့ မစင်ကြယ်မှုကို ထိတ်လန့်ကာ တောထွက်ရဟန်း ပြုဖို့ဆုံြးုဖတ်လိုက်ပါတယ်။
ဘဒ္ဒါကိာလာနီသူဌေးကတော်လည်း နေပူလှန်းထားတဲ့ နှမ်းခင်းတွေကို လှည့်လည်ကြည့်ရှု နေခိုက် နှမ်းပိုးတွေကို ထိုးဆိတ်စားသောက်နေတဲ့ ငှက်ငယ်တွေရဲ့ အကုသိုလ်အမှုကို တွေ့မြင်ပြီး အသက်မွေး၀မ်းကြောင်းပြုမှုရဲ့ မစင်ကြယ်မှုကို တိတ်လန့်ကာ တောထွက်ရဟန်းပြုဖို့ ဆုံးဖြတ်လိုက် ပါတယ်။
ပိပ္ပလိသူဌေးကြီးနဲ့ သူဌေးကတော် ဘဒ္ဒါကာပိလာနီတို့ဟာ အိမ်ပြန်ရောက်တဲ့အခါ အချင်းချင်း တိုင်ပင်ပြောဆိုပြီး တစ်ယောက်၇ဲ့ ဆံပင်ကို တစ်ယောက်ချပေးကာ သင်္ကန်း၊ သပိတ် စတဲ့ ပရိက္ခရာ တွေ ၀တ်ရုံပြီး "လောကမှာ အပူဇော်အထူးကို ခံတော်မူထိုက်တဲ့ ရဟန္တာ သခင်အရှင်မြတ်တွေကို ရည်စူးပြီး တပည့်တော်တို့ရဲ့ ရဟန်းပြုခြင်းသည် ဖြစ်ပါ၏"လို့ နှုတ်မြွတ်ဆိုကာ တစ်စုံတစ်ယောက်ကိုမှ အသိမပေးဘဲ စည်းစိန်ချမ်းသာအားလုံးကို လုံး၀မငဲ့မကွက် တောထွက်တော်မူခဲ့ကြပါတယ်။ လမ်းမှာ တွေ့ရှိမှတ်မိလို့ ငိုယိုတားဆီးကြတဲ့ ကျေးကျွန်အလုပ်သမားတွေကိုလည်း အားလုံးကို ကျွန် အဖြစ်မှ လွတ်မြောက်ခွင့်ပေးကြောင်း ပြောပြကာ စွန့်ခွာတော်မူခဲ့ကြပါတယ်။
ရဟန်းပြုပြီးတဲ့နောက် အတူတူသွားလာဖို့ မသင့်တော်တာကို တွေးမိတဲ့ ပိပ္ပလိ မထေရ်မြတ်ဟာ လမ်းဆုံတစ်ခုမှာ ရပ်တတ်ပတော်မူကာ "အို ဘဒ္ဒါထေရီ… သင်လို လှပတဲ့ အမျိုး သမီးတစ်ယောက် ငါ့နောက်က လိုက်ပါနေတာကို မြင်ကြရင် ဒီနှစ်ယောက်ဟာ ရဟန်းပြုပြီးတာ တောင်မှ မခွဲနိုင် မခွာရက် ဖြစ်နေကြတယ်လို့ မသိမလိမ္မာသူတွေ ငါ့တို့အပေါ် ပြစ်များကာ ငရဲရောက် ဖွယ်ရှိနေကြတယ်။ ဒါကြောင့် ဒီလမ်းနှစ်မွှာမှာ သင်လိုရာ ယူပါလေ။ ငါ့ကတော့ သင်မသွားတဲ့ တခြား လမ်းကနေ ကြွတော့မယ်"လို့ မိန့်တော်မူပါတယ်။
အဲဒီအခါ ဘဒ္ဒါထေရီဟာ ပိပ္ပလိမထေရ်ကို သုံးကြိမ်သုံးခါ လင်္ကျာရစ်လှည့်လည်ကာ ရှေ့ နောက် ဝဲယာ လေးဌာနမှ ထိခြင်းငါးပါးနဲ့ ရိုသေမြတ်နိုး ရှိခိုးပြီး "အရှင်ဘုရား တပည့်တော်ရဲ့ ကမ္ဘာတစ်သိန်းထက်က ပြုခဲ့ကြတဲ့ ချစ်ကျွမ်း၀င်မှုဟာ ဒီနေ့ဒီနေရာမှာ ပြတ်စဲ ချုပ်ဆုံး နိဂုံးရောက်ပါပြီ။ အရှင်ဘုရားတို့ဟာ ယောင်္ကျားသူမြတ် လင်္ကျာဇာတ် ရှိသူတွေဖြစ်တာမို့ လင်္ကျာလမ်းက ကြွမြန်းတော်မူပါ။ တပည့်တော်ကတော့ အမျိုးသမီးဖြစ်သူ ပီပီ လက်ဝဲလမ်းကပဲ လျှောက်လှမ်းပါ့မယ်လို့ လျှောက်ထားကာ လမ်းခွဲတော်မူလိုက်ကြပါတယ်။
အဲဒီအခါ မဟာပထဝီမြေကြီးဟာ "ငါဟာ စကြာ၀ဠာတောင်၊မြင်းမိုရ်တောင်တွေကို ထမ်း ဆောင်ထားတာ နိုင်ပေမယ့် ဒီအရှင်မြတ်နှစ်ဦးရဲ့ ဂုဏ်ကျေးဇူးမြင့်မြတ်မှုတွေကိုတော့ ဆောင်ထား ထမ်းထားဖို့ မစွမ်းနိုင်တော့ပါဘူး"လို့ နှုတ်မြွတ်ပြီး ပြောဆို သယောင် ပဲ့တင်သံကြီး မြည်ဟည်းကာ သည်းထန်စွာ တုန်လှုပ်ပါတယ်။ ကောင်းကင်ပြင်ဟာလည်း မိုးကြိုးမုန်တိုင်း ကျသည့်ပမာ ကျယ်လောင်စွာ တစ်ချုန်းမြည်တမ်းပါတယ်။ သူတော်ကောင်းတွေရဲ့ နှလုံးသားဆိုတာ သက်ရှိပုဂ္ဂိုလ်တွေရဲ့ မြတ်နိုးတန်ဖိုး ထားမှုကိုလည်း ခံယူရမြဲ ဖြစ်ပါတယ်။
အရှင်မဟာကဿပမထေရ်ရဲ့ တောထွက်တော်မူပုံဟာ အံ့သြကြည်ညိုဖွယ်ရကောင်းသလို ရှင်တော်ဘုရားထံ ရောက်ရှိလာပုံဟာလည်း အင်မတန် ကြည်နူးကြည်ညိုဖွယ်ရာ ကောင်းလှပါတယ်။မြေတုန်လှုပ်ခြင်းရဲ့ အကြောင်းရင်းကို သိတော်မူတဲ့ ရှင်တော်ဘုရားဟာ လာခြင်းကောင်းတဲ့ တပည့်ကြီးကို ချီးမြှောက်ကြိုဆိုတဲ့အနေနဲ့ ရာဇဂြိုဟ်ပြည်နဲ့ နာလန္ဒာမြို့ အကြား ဗဟုပုတ္တက ညောင်ပင်းရင်းအထိ ၃-ဂါဝုတ်ခရီးကို တစ်ပါးတည်း ကြွရောက်တော်မူခဲ့ပါတယ်။ လက္ခဏာတော် ကြီးငယ် ရောင်ခြည်တော်ခြောက်သွယ်တို့နဲ့ တင့်တေယ်သပ္ပယ်စွာ ညောင်ပင်ရင်းမှာ ထိုင်နေတော် မူတဲ့ ရှင်တော်ဘုရားကို ဖူးတွေ့ရတယ် ဆိုရင်ပဲ" ဒီအရှင်မ်ြဟာ ငါ့ရဲ့ ဆရာမြတ်စွာဘုရားဖြစ်တယ်။ ငါဟာ ဒီရှင်တော်ဘုရားကို ရည်မှန်းပြီး ရဟန်းပြုလာခဲ့တာဖြစ်တယ်"လို့ အားရ၀မ်းသာ စပြီးဖူးတွေ့ ရရာ အဝေးအရပ်က တစ်ကြိမ်၊ မနီးမဝေးအရပ်က တစ်ကြိမ်၊ အနီးအပါး အရပ်က တစ်ကြိမ် သုံးကြိမ် သုံးခါ ရိုသေမြတ်နိုးစွာ ရှိခိုးပြီး "ဘုန်းတော်ကြီးသော ရှင်တော်ဘုရားဟာ တပည့်တော်ရဲ့ ဆရာအစစ် ဖြစ်တော်မူပါတယ်။ တပည့်တော်ဟာ ရှင်တော်ဘုရားရဲ့ တပည့်သာ၀ကပါ အရှင်ဘုရား"လို့ သုံးကြိမ်တိုင် နှုတ်မှ မြွတ်ဆိုကာ ရှင်တော်ဘုရားရဲ့ တပည့်အဖြစ်ကို ခံယူတော်မူပါတယ်။
ဒီနေရာမှာ ရှင်တော်ဘုရားက "ချစ်သားကဿပ သင့်လို ဂုဏ်ကြီးမားတဲ့ သူတော်ကောင်း နှလုံးသားရှိတဲ့ သူရဲ့ အခုလို အလွန်အမင်းရိုသေခြင်းကို ငါဘုရားရဲ့ နေရာမှာ သာသနာတော်ပြင်ပက ဆရာတစ်ဦးဦးရှိနေမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ရဲ့ ဦးခေါင်းဟာ တစ်ခဏချင်း လည်ပင်းက ပြတ်ကျပြီး ခုနှစ်မွာ ကွဲသွားမှာပဲ။ တကယ်လို့ ဒီလို ရိုသေမှုမျိုး မြင်းမိုရ်တောင်ကို ပြုမိရင် မြင်းမိုရ်တောင်ကြီးဟာ ကျီးနှုတ်သီးနဲ့ ထိုးဆွခံရတဲ့ မုန်ညှက်ခိုင်ဆုပ်လို ဖရိုဖရဲ ပြိုကွဲပျက်စီးသွားမှာပဲ။ ဒါပေမယ့် သင်ချစ်သားရဲ့ ယခုလို ရိုသေမှုဟာ ငါဘုရားကိုတော့ မွေးညှင်းတစ်ပင် လှုပ်ရှားအောင်တောင် မစွမ်း ဆောင်နိုင်ပါဘူး။ ကဲ…. ချစ်သား ကဿပ ထိုင်တော့၊ သင်ချစ်သားအား ငါဘုရား အမွေပေးတော်မူ မယ်"လို့ မိန့်ဆိုတော်မူကာ သြ၀ါဒစကား ၃ခွန်းမြွတ်ကြားတော်မူပါတယ်။ အဲဒီလို အဆုံးအမ သြ၀ါဒ ပေးတော်မူုခြင်းဟာ အရှင်မဟာကဿပ အတွက် ရှင်ပြုခြင်း၊ ရဟန်းခံခြင်းကိစ္စကို ပြီးစီးစေပါတယ်။ အဲဒီလိုရဟန်ဒးခံခြင်းမျိုးကို"သြ၀ါဒ ပဋိဂ္ဂဟဏဥပသမ္ပဒါ"လို့ခေါ်ပါတယ်။ သာသနာတော်မှာ အရှင်မဟာကဿပတစ်ပါးတည်း သာ ဒီလိုရဟန်းခံခြင်းမျိုးကို ရတော်မူနိုင်ခဲ့တာပါ။
ကဿပဆိုတာ ပိပ္ပလိသူဌေးသားရဲ့ ဆွေစဉ်မျိုးဆက် အနွယ်နာမည်ဖြစ်ပြီး၊ `မဟာ´ကတော့ တခြား ကဿပတွေထက် ကြီးမြတ်လို့ ထည့်ခေါ်တာ ဖြစ်ပါတယ်။ ရှင်တော်ဘုရားဟာ အရှင် မဟာကဿပမထေရ်ကို သြ၀ါဒအမွေပေးပြီး ရဟန်းအဖြစ် ချီးမြှောက်ရုံသာမက ဒုကုဋ်သင်္ကန်းချင်း လဲလှယ်၀တ်ရုံတော်မူခြင်းနဲ့လည်း ကိုယ်တော်အရာမှာထားပြီး မြှောက်စားတော် မူခဲ့ပါတယ်။ ဒီလို ချီးမြှောက်တော်မစာတာဟာ "အရှင်မဟာကဿပဟာ သက်တော် ၁၂၀-ရှည်တော်မူလိမ့်မယ်။ ငါဘုရား ပရိနိဗ္ဗာန်စံပြီးတဲ့နောက် လေးလမြောက်မှာ ငါဘုရား ဟောကြားတော်မူခဲ့တဲ့ ဓမ္မ ဝိနယ ၂-ပါးကို ပထမဆုံး သံဃာယနာတင်ပြီး သာသနာတော်ကို နှစ်ပေါင်း ၅၀၀၀ ကြာမြင့်စွာတည်အောင် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မယ့် သာသနာ့အာဇာနည် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်တယ်ဆိုတာကို ရှင်တော်ဘုရားက အနာဂတံသဉာဏ်နဲ့ မြင်တော်မူလို့သာဖြစ်ပါတယ်။
အရှင်မဟာကဿပမထေရ်ဟာ မြတ်စွာဘုရားရှင်ရဲ့ သူမတူအောင် ချီးမြှင့်မြှောက်စားတော်မူ ခြင်းကို ခံယူရရှိပေမယ့် စိတ်ကြီးဝ်မှု တစိုးတစိမျှ ရှိတော်မမူဘဲ၊ ရှင်တော်ဘုရားရဲ့ ထံတော်မှာတင် ဓုတင်-၁၃ ပါးကို ခံယူဆောက်တည်ပြီး ရဟန်းတရားကို ကြိုးစားအားထုတ်ရာ ပုထုဇဉ်အဖြစ်နဲ့ ၇-ရက်မျှ နေပြီး ၈-ရက်မြောက်နေ့မှာ ရဟန္တာဖြစ်တော်မူခဲ့ပါတယ်။ ကိုယ်တိုင်က ဓုတင်ဆောင် မထေရ် ဖြစ်တာနဲ့အညီ ဓုတင်ဆောင်နိုင်ူတွေကိုသာ ရှင်ရဟန်းပြုပေးပြီး တပည့်တပန်းအဖြစ် လက်ခံတော် မူပါတယ်။ ဒါကြောင့်မို့လည်း နောင်တစ်ချိန်မှာ ရှင်တော်ဘုရားက "ရဟန်းတို့.. ကိလေသာကို ခါတွက်ကြောင်း ကောင်းမြတ်တဲ့ ဓုတင်ပဋိပတ်အကျင့်မြတ်ကို ကိုယ်တိုင်လည်း ကျင့်သုံး သူတစ်ပါး ကိုလည်း ဟောကြားပြသ ဆိုဆုံးမကြတဲ့ ငါဘုရားရဲ့ တပည့်သားရဟန်းတွေထဲမှာ မဟာကဿပ မထေရ်ဟာ အသာဆုံး၊ အမြတ်ဆုံးပဲ"လို့ ဓုတင်အရာမှာ ဧတဒဂ်ဘွဲ့ထူး ပေးတော်မူခဲ့တာဖြစ်ပါတယ်။
အရှင်မဟာကပဿပမထေရ်ဟာ အမျိုးမြတ်သူ ပညာတတ်သူ၊ ဥစ္စပေါသူ၊ ရုပ်ချောသူ၊ ဧတဒဂ်ဘွဲ့ရ၊ တတိယမဟာသာ၀က ရဟန္တာအရှင်မြတ်ကြီးတစ်ပါး ဖြစ်တော်မူပါတယ်။ ရဟန္တာဖြစ် တော်မူပြီးတဲ့နောက် မထေရ်မြတ်ကြီးဟာ မိမိလောက် ကံမကောင်းလှတဲ့ အထူးအားဖြင့် ဆင်းရဲသား ကျောမွဲလူတန်းစားတွေကို သနားစောင့်ရှောက် ချီးမြှောက်တော်မူ တတ်ပါတယ်။ကိုယ်တော်တိုင်က ရတတ်သမျှ ဆွမ်း၊သင်္ကန်း၊ကျောင်း၊ ဆေး ပစ္စည်းလေးပါးနဲ့ ရောင့်ရဲတော်မူတတ်တဲ့အပြင် ကံနိမ့်သူ ဆင်းရဲသားတွေကို ကံမြှင့်ပေးလိုတဲ့ စေတနာကရုဏာကြောင့် အရှင်မဟာကဿပမထေရ်ဟာ ဆင်းရဲသားရပ်ကွက်တွေ မှာပဲ ဆွမ်းခံလှည့်လည်တော်မူလေ့ရှိပါတယ်။
တစ်နေ့မှာ အရှင်မဟာကဿပမထေရ်ဟာ တောင်ပေါ်ကျောင်းက ဆင်းသက်လာပြီး ဆင်းရဲသားရပ်ကွက်တစ်ခုမှာ ဆွမ်းခံ၀င်တော်မူပါတယ် ပြတ်ကျလုနီးပါး သွေးပြည်စားထားတဲ့ လက်ချောင်းပိုင်ရှင် အမျိုးသားဟာ တစ်လုပ်စာ ဆွမ်းလောင်းလှူတဲ့အခါ ဆွမ်းနဲ့အတူ လက်တစ် ချောင်း သပိတ်ထဲ ပြတ်ပါသွားပါတယ်။ အရှင်မဟာကဿပမထေရ်ဟာ ပါလာတဲ့ လက်ချောင်းပြတ် ကလေးကို အသာဖယ်ထားပြီး အဲဒိဆွမ်းကို ရွံရှာစက်ဆုပ်ခြင်း အလျဉ်းမရှိဘဲ ဘုဉ်းပေးတော်မူပါ တယ်။ ကာယဂတာသတိနဲအတူ ကရုဏာတရားနဲ့ ထုံမွှမ်းထားတော်မူတဲ့ မထေရ်မြတ်ကြီးရဲ့ နှလုံး သားတော်ဟာ အင်မတန် အံ့ချီးဖို့ ကောင်းပါတယ်။
အရှင်မဟာကဿပမထေရ်ဟာ ရံဖန်ရံခါ နိရောဓသမာပတ် ၀င်စားတော်မူပြီး၊ သမာပတ်မှ ထတော်မူတဲ့အခါ "ဒီကနေ့မှာပဲ ဆင်းရဲသားတစ်ဦးဦးဟာ စစ်သူကြီးရာထူးကိုသော်လည်းကောင်း၊ သူဌေးကြီးရာထူးကိုသော်လည်းကောင်း ရပါစေ" ဆိုတဲ့ နှလုံးသွင်းနဲ့ ရပ်ကွက်ထဲမှာ အဆင်းရဲဆုံး မိသားစုထံကို ၀င်ရောက်ဆွမ်းခံခြင်းဖြင့် ချီးမြှောက်တော်မူတတ်ပါတယ်။ အရှင်မြတ်ရဲ့ ချီးမြှောက်မှု ကြောင့် စစ်သူကြီးနဲ့ သူဌေးရာထူး ရတဲ့သူတွေ မရှားလှသလို နတ်ပြည်ရောက်တဲ့ နတ်သား နတ်သမီး တွေကလည်း လွန်စာပေါများလှပါတယ်။
ဒီလိုသတင်းကြီးမှုကြောင့်လည်း တစ်နေ့မှာ တာ၀တိ ံသာက နတ်သမီးငါးရာဟာ ဆွမ်းအုပ် ကိုယ်စီကိုင်ကာ အရှင်မြတ် ဆွမ်းခံကြွတော်မူမယ့် လမ်းမမှာ တန်းစီကာ စောင့်ဆိုင်းနေကြပါတယ်။ အရှင်မဟာကဿပမထေရ်ဟာ နတ်သမီးမှန်း သိတာနဲ့ လက်ခံတော်မမူဘဲ "ဆင်းရဲသားတွေရဲ့ ဝေစုကို လူမယူကြနဲ့"လို့ ပြစ်တင်မောင်းမဲကာ နှင်ထုတ်တော်မူပါတယ်။ ဒါပေမယ့် သိကြားမင်းနဲ့ သုဇာတာမိဖုရားတို့ရဲ့ ဆင်းရဲသား အဘိုးအို လင်မယား ဟန်ဆောင်ကာ လောင်းလှုတဲ့ ဆွမ်းကိုတော့ အရှင်မဟာကဿပမထေရ် ခံယူရဖူးပါတယ်။ အရှင်မြတ်ဟာ သိတော်မူတာနဲ့ချက်ချင်း"ဆင်းရဲသားတွေရဲ့ ဝေစုကို မခိုးယူဖို့နဲ့၊ နောင်ကို ဒီလိုမသမာမှုမျိုး မပြုလုပ်ဖို့ "သိကြားမင်းကို သတိပေး ဆုံးမ တော်မူပါတယ်။ သိကြားမင်းကတော့ ဘာဘဲဖြစ်ဖြစ် သူ့အကြံ အောင်မြင်သွားတာမို့ "အရှင်မဟာ ကဿပမထေရ်မြတ်ထံတောမှာ ကောင်းမှုပြုခွင့်ရပေပြီ"လို့ ၀မ်းမြောက်၀မ်းသာ လက်သီး လက်မောင်းတန်းကာ နတ်ပြည်ကို ပြန်သွားပါတယ်။
ကံမကောင်း အကြောင်းမလှလို့ မျက်နှာငယ်ကြရတဲ့ ဆင်းရဲသားလူမွဲတွေကို တကူးတက ရွေး ချယ်ပြီး သနားစောင့်ရှောက် ချီးမြှောက်တော်မူတတ်တဲ့ အရှင်မြတ်ရဲ့ အလေ့အကျင့်တော်ဟာ လွန်စွာမှ ချစ်ကြည်ညိုဖွယ် ကောင်းသလို နောက်နောင် သူတော်ကောင်းတွေအဖို့လည်း အတုယူ လိုက်နာဖို့ စံပြနမူနာကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ " ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဟာ သိက္ခာရှိပြီး တကယ်လေးစားလောက်တဲ့ သူတော်ကောင်းနှလုံးသားရှိသူ ဟုတ် မဟုတ် အကဲဖြတ်ချင်ရင် အဲဒီ ပုဂ္ဂိုလ်ဟာ သူလောက် ကံမကောင်းတဲ့သူတွေကို ဘယ်လိုပုံစံနဲ့ ဆက်ဆံသလဲဆိုတဲ့ အချက်နဲ့ အကဲခတ် ဆုံးဖြတ်နိုင်ပါတယ်"လို့ ပညာရှင်တစ်ယောက်ရဲ့ ဆိုမိန့်ချက်ကို ဖတ်ရဖူးပါတယ်။
လျော်ကန်သင့်မြတ်လှတဲ့ သူရဲ့ ဆိုမိန့်ချက် နိဂုံးစကားလေးနဲ့ပဲ အင်မတန် ကြီးကျယ်မြင့်မြတ် တော်မူလှတဲ့ ဓုတင်အရာမှာ ဧတဒဂ်ရ တတိယမဟာသာ၀က သက်တော်ရှည် "အရှင်မဟာကဿပ မထေရ်မြတ်ကြီးရဲ့ သူတော်ကောင်းနှလုံးသား"ကို ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော်လိုက်ပါတယ်။
ကျမ်းကိုး
၁။ အင်္ဂတ္ထိုရ် အဋ္ဌကထာ (ပထမတွဲ)
၂။ အပါဒါန် အဋ္ဌကထာ (ပထမတွဲ)
၃။ ဓမ္မပဒ အဋ္ဌကထာ (ပထမတွဲ)
၄။ မဟာဗုဒ္ဓ၀င်ကျမ်း (ဆဋ္ဌမတွဲ)
Credit = တော်၀င်နွယ်
ဥတ္တရအလင်း (#TTA)
Comments
Post a Comment