သဲပုံစေတီတော် ပေါ်ပေါက်လာပုံ
သဲပုံစေတီတော် ပေါ်ပေါက်လာပုံလေးပါ
=======================
သဲပုံစေတီတော် ပေါ်ပေါက်လာပုံလေးပါ သဲပုံစေတီပွဲ ဆင်နွှဲကြပုံအကြောင်းကို ဗုဒ္ဓစာပေမှ ပြန်ပြောင်းကြည့်ရလျှင် ဟိမဝန္တာအနီး ယမကတောင်၌ တပည့်အပေါင်း ၁ သောင်း ၄ ထောင် အခြံအရံရှိသည့် ပုလိနထူပိယ(သဲပုံစေတီပြုလုပ်ကိုးကွယ်ခဲ့သည့်) မထေရ်လောင်းလျာ နာရဒရသေ့ကြီးက အော်…တပည့်အပေါင်း ၁သောင်း၄ထောင်တို့မှာတော့ ငါတည်းဟူသော လေးစားကိုးကွယ်ရာ ဆရာရှိကြတယ်၊ ငါ့မှာတော့ ရိုသေလေးစားအားထားကိုးကွယ်ရာ ဆရာသမားကင်း၍ နေတယ်၊ ဤသို့ဆရာသမား ကိုးကွယ်အားထားစရာကင်း၍ နေရခြင်းသည် လောကကြီးတစ်ခုလုံးမှာ ဆင်းရဲစရာတစ်ခုဘဲ ဟု ရသေ့ကြီးက တစ်ယောက်တည်းကိန်းအောင်းနေစဉ် စဉ်းစားနေမိသည်။
ဒုက္ခော ပနာယံ လောကေ၊ ယဒိဒံ အဂရုဝါသော။ လောကေ-လောကကြီး၌၊ ယဒိဒံ-အဂရုဝါသော-အလေးအမြတ်ကိုးကွယ်ရာ ဆရာကင်း၍ နေရခြင်းသည်၊ အတ္ထိ-ရှိ၏။ အယံ-ဤအလေးအမြတ်ကိုးကွယ်ရာ ဆရာကင်း၍ နေရခြင်းသည်၊ မေ-ငါ့အား၊ ဒုက္ခော-ထောက်တည်ရာနည်းလှ ဆင်းရဲစွတကား။ တဲ့။ ထိုကဲ့သို့ ရသေ့ကြီးက ငါအလေးဂရုပြု ပူဇော်ထိုက်သော ဆရာသမားကို ရှာမည်ဟု အကြံရပြီးနောက် ကျောင်းသင်္ခန်းအနီးရှိ အမရိကမြစ်ငယ်၌ သဲပုံစေတီတစ်ဆူ တည်ထားလေ၏။ ထို့ပြင် ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့ကြကုန်သော ဂင်္ဂါဝါဠုသဲစုမကသော ဘုရားရှင်တို့၏ စေတီပုထိုးတော်တို့သည် ဤသဲပုံစေတီတော်ကဲ့သို့ပင် ဖြစ်လိမ့်မည်ဟု ဘုရားစေတီနိမိတ်အာရုံယူလျှက် ရွှေဆည်းလည်းပန်း သုံးထောင်တို့ဖြင့် စေတီတော်ကို ထီးတင်ပူဇော်ခဲ့၏။ သဲပုံစေတီတော်ကို သက်တော်ထင်ရှား မြတ်ဘုရားအမှတ်ဖြင့် အာရုံယူကာ ညဉ့်နံနက်တိုင်း ရှိခိုးပူဇော်ခဲ့၏။
သာယံ ပါတံ နမဿာမိ၊ ဝဒေဇာတော ကတဉ်ဖလိ၊
သမ်မုခါဝိယ သမ်ဗုဒ်ဓံ၊ ဝန်ဒိ ံ ၊ ပုလိန ထူပိယံ။
အဟံ-နာရဒမည်သော ငါရသေ့သည်၊ ပုလိနစေတိယံ- ဓာတ်တော်မလှုံ သဲပုံစေတီတော်ကို၊ သမ္မုခါ- မျက်မှောက်တော်၌၊ သမ္ဗုဒ္ဓံ ဝိယ- သက်တော်ထင်ရှား သဗ္ဗညုမြတ်ဘုရားကဲ့သို့၊ ဝေဒဇာတော- ဖြစ်သောဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍၊ သာယံပါတံ-ညဉ့်နံနက်၊ ကတဥ္ဖလိ- ချီအပ်သောလက်အုပ်ရှိသည်ဖြစ်၍၊ နမဿာမိ- ရွှေဆည်းလည်းပန်းသုံးထောင်တို့ဖြင့် ရွှင်လန်းပူဇော်ပါ၏။ ဝန္ဒိ ံ- ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးပူဇော်ခဲ့လေပြီ။ (အပါဒါန် ၂၊ စာမျက်နှာ ၇၉၊ ၈၁၊ နှင့် ပုလိနထူပိယမထေရ်အကြောင်း ဖော်ပြထားရာ ထေရဂါထာ အဌကထာ ၁- စာမျက်နှာ ၃၂၆-၃၂၇ လည်း ရှု့ပါ။)။
ထို့ပြင် ပုလိနုပ္ပါဒက ထေရအပါဒါန်၌လည်း သဲပုံစေတီဖြစ်ပေါ်လာပုံအကြောင်း တစေ့တစောင်းတွေ့ရ၏။ ဤကမ္ဘာမှ ပြန်၍ရေတွက်သည်ရှိသော် ကမ္ဘာတစ်သိန်းကာလ ဒေဝလအမည်ရှိ ရှင်ရသေ့သည် ဟိမဝန္တာတောဝယ် နတ်တို့ဖန်ဆင်းပေးအပ်သော ကျောင်းသင်္ခန်း၌ အလုပ်အကျွေး အခြံအရံမြောက်များစွာဖြင့် သီတင်းသုံးနေစဉ် အခါတစ်ပါး၌ မြစ်ကမ်းနဘေး သဲသောင်ပြင်မှာ သဲများကို စေတီပုံပြု သဲပုံစေတီထုကာ ရရာတောပန်းပန်းမျိုးစုံဖြင့် တည်ထားပူဇော်ခဲ့လေသည်။ ယင်းစေတီ၌ သက်တော်ထင်ရှား ဘုရားဂုဏ်တော်ကိုးပါးကို အာရုံပြုကြည်ညိုကာ ပူဇော်ကာ မိမိသီတင်းသုံးရာ ကျောင်းသင်္ခမ်းသို့ ပြန်လာခဲ့၏ ။
သူ၏တပည့်အပေါင်းတို့က သဲပုံစေတီတည်ထား ပူဇော်ရကြောင်းစုံလင်ကို မေးကြသောအခါ ဆရာရသေ့ကြီးက ‘ရှေးဟောင်းကျမ်းများ၌ အခြံအရံများစွာရှိသော သဗ္ဗညု ဘုရားရှင်ကို ညွှန်ပြထားလေသည်။ ထိုဘုရားရှင်ကို ရည်မှန်းပြီး သဲပုံစေတီကို ငါရှိခိုးပူဇော်သည် ဟု မိန့်ကြားခဲ့လေ၏။ တပည့်အပေါင်းတို့နှင့် ဆရာရသေ့ကြီးသည် ဘုရားရှင်ကို ကြည်ညိုမြတ်နိုးသော စိတ်ဓာတ်ဖြင့် သဲပုံစေတီကို အကြိမ်ကြိမ် ပူဇော်ခဲ့ကြဖူးလေသည်။
သဲပုံစေတီတည်ထားပူဇော်ရကျိုးကို အပါဒါန်ပါဠိ၁၊ စာမျက်နှာ ၈၉ ၌ အောက်ပါအတိုင်း ပြဆိုထား၏ ။
ထူပဿ ပရိစိဏ်ဏတ်တာ၊ ရဇောဇလ်လံ န လိမ်ပတိ။
ဂတ်တေ သဒေါ န မုစ်စ န်တိ ၊ သပဘာသော ဘဝါမဟံ။
ဆိုလိုသည်မှာ သဲပုံစေတီမြတ်ကို ရိုသေလေးမြတ် အဆက်မပြတ် ဆည်းကပ်ပူဇော် အလေ့ကျင့်များခဲ့လေသောကြောင့် မြူအညစ်အကြေး ဂျေးအညော်သည် ငါ၏ကိုခန္ဓာမှာ လိမ်းကြံကပ်ငြိခြင်းမရှိပါ၊ ငါ၏ ကိုခန္ဓာမှ နံစော်ညစ်ထေး ပူအိုက်သော ချွေးတို့သည်လည်း ဘယ်သောအခါမှ မထွက်ပါ။ ငါ၏ ကိုယ်သည် အဆင်းအရောင် ပြောင်ပြောင်ဝင်းဝင်း လှပခြင်းရှိလျှက် ဘဝသံသရာကျင်လည်ခဲ့ရပါ၏။ တဲ့။ ထိုကဲ့သို့ ပုလိနထူပိယမထေရ်က ရဟန္တာဖြစ်ပြီးနောက် သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအနေဖြင့် အပါဒါန်မှာ ပြန်ပြောင်းဟောထားခဲ့ပေသည်။
ဗုဒ္ဓစာပေမှာ
(၁) ဓာတုစေတီ- မြတ်ဗုဒ္ဓ၏ ဓာတ်တော်များကို တည်ထားကိုးကွယ်တော်မူခြင်း၊
(၂) ဓမ္မစေတီ-မြတ်ဗုဒ္ဓဟောဖော်ပြသည့် တရားဓမ္မ ပိဋကတ်တော်များကို ကိုးကွယ်ခြင်း၊
(၃) ဥဒ္ဒိဿစေတီ- ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းပြီး သက်တော်ထင်ရှားကဲ့သို့ အာရုံပြုကိုးကွယ်ခြင်း
(၄) ပရိဘောဂစေတီ- မြတ်ဗုဒ္ဓ၏ သုံးတော်မူခဲ့သည် ပရိက္ခရာ စသည်များကို တည်ထားကိုးကွယ်ခြင်း ဟု လေးမျိုးရှိရာတွင် ဤသဲပုံစေတီတော်သည် ဂုဏ်တော်ထုံမွှမ်းပုံတော်မှန်းပြီး တည်ထားကိုးကွယ်အပ်သော ဥဒ္ဒိဿစေတီ ပင်ဖြစ်ပေသည်။
ဗုဒ္ဓဘာသာဝင်တို့အဖို့ အထူးအရေးကြီးသည်မှာ ကြည်ညိုစိတ်ထားတတ်ဖို့က အရေးကြီးဆုံးဖြစ်ပါ။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိသည်ဖြစ် ထင်ရှားမရှိတော့သည်ဖြစ်စေ စိတ်ထားတူပါက အကျိုးလည်း တူညီသောအကျိုးရရှိပါသည်။
တိဌန္တေ နိဗ္ဗုတေစာပိ၊ သမေ စိတ္တေ သမံဖလံ။
စတောပဏိဓိ ဟတေုဟိ၊ သတ်တာ ဂစ်ဆန်တိ သုဂ်ဂတိ ံ။(ဓမ်မပဒ)
သက်တော်ထင်ရှား မြတ်ဘုရား၌လည်းကောင်း၊ ပရိနိဗ္ဗာန်စံတော်သွား ကိုယ်စား ရုပ်ပွားဆင်းတုတော် သဲပုံစေတီ ပုထိုးအမျိုးမျိုး၌လည်းကောင်း ရိုသေလေးမြတ် သဒ္ဓါရောင်ဖိတ် ကြည်ညိုစိတ်သည် တူညီခဲ့သည်ရှိသော် လူနတ်နိဗ္ဗာန်သုံးတန်ထင်ရှား အကျိုးတရားသည် မပိုမသာ တူညီမျှပါ၏။ မှန်၏ ။ စိတ်ကိုကောင်းစွာထားတတ်ခြင်းဟူေသာအကြောင်းကြောင့် သို့မဟုတ် စိတ်ဓာတ်၏ ကောင်မြတ်ခြင်းဟူသောအကြောင်းကြောင့် လူနတ်ဗြဟ္မာသတ္တဝါတို့သည် ကောင်းရာသုဂတိသို့ မှန်စွာရောက်ကြလေ၏ ။ အထက်ပါဂါထာကို ထောက်ဆသောအားဖြင့် သက်တော်ထင်ရှားဘုရားများနှင့် စေတီပုထိုးတို့အပေါ် ကြည်ညိုစိတ်ထားတူညီစွာ ထားတတ်ဖို့ အလွန်ပင်အရေးကြီးလှပါသည်။ သို့မှသာလျှင် အကျိုးပေးတူညီပါလိမ့်မည်။ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည် ရုပ်ပွား စေတီပုထိုး အမျိုးမျိုးတို့ကို ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျှက် ပူဇော်ကာ ဗုဒ္ဓါနုဿတိ ဘာဝနာများ ပွားများနိုင်ကြပါစေကုန်တည်း။
သုံးလူဘမင်း၊ အာရုံသွင်း၊ ထင်လင်းပေါ်အောင်ပြု။
လျောင်းတော်မူ၌၊ ဝတ်ပြုခိုက်၊ ဆိုက်မြိုက်ဂုဏ်တော်ရှု့။
စေတီရုပ်ပွား၊ ဆင်းတုများကို ဝတ်တွားကြည်ညို၊ များလူဗိုလ်၊ ထိုထိုနည်းမှီပြု။
မေတ္တာဖြင့်
အရှင်သုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)
ခတ်ေတ
နာလန္ဒာတက္ကသိုလ်
အိန္ဒိယနိုင်ငံ
ဥတ္တရအလင်း
Comments
Post a Comment