လူဖြစ်လာလျှင် အလိုအပ်ဆုံးအရာ(၅)ပါး
လူဖြစ်လာလျှင် အလိုအပ်ဆုံးအရာ ၆ ပါး
++++++++++++++++++++++++++++++++
အရတော်ပြန်၊ လူဖြစ်မှန်သော်၊ လက်မွန်ဦးစွာ၊ ကင်းအနာနှင့်၊ ရောဂါမစပ်၊ မြတ်သောလာဘ်ကို၊ လိုအပ်သည်သာ၊ ထို့နောက်မှာလျှင်၊ ငါးဖြာပဥ္စသီ၊ ထိန်းစောင့်ညီလျက်၊ ထိုပြီနောက်တိ၊ ပညာရှိထံ၊ နည်းခံဆုံးမ၊ နောက်မှတပါး၊ မြင်ကြားရှာဖွေ၊ နောက်ပေ သုစရိုက်၊ ကိုယ်၌မကွာ၊ ယှဉ်စေရာ၏။ တစ်ဖြာထိုမှ၊ ဓနရှာခြင်း၊ မပျင်းလုံ့လ၊ ဝီရိယကို၊ ဖြစ်ထစေရာ၊ ဤခြောက်ဖြာကား၊ လူ့ရွာ၌မှီ၊ လူဖြစ်ပြီတို့၊ လောကီလောကုတ်၊ မယုတ်အကျိုး၊ မညှိုးစင်စစ်၊ ပွားကြောင်းဖြစ်၏။ (မဃဒေဝ -၃၂၆)။
ကံအားလျှော်စွာ အရတော်လို့ လူဖြစ်လာသောသူတို့သည်
(၁) ကျန်းမာရေးကောင်းအောင် နေထိုင်ရမည်။ လူသားတို့သည် အနာရောဂါကင်းခြင်းဟုဆိုအပ်သော ကျန်းမာရေးကောင်းခြင်းတည်းဟူသော လာဘ်ကို အထူးလိုအပ်ပါသည်။ ကျန်းမာရေးမကောင်းလျှင် မည်သည့် အရာမျှ တိုးတက်အောင် ပြုလုပ်ရာ၌ မဆင်မပြေပါ။ ဗုဒ္ဓစာပေတွင် ကျန်းမာခြင်းသည် မြတ်သော
လာဘ်ဖြစ်၏။ ရောင်ရဲတင်းတိမ်ခြင်းသည် မြတ်သော ဥစ္စာဖြစ်၏။ မိမိနှင့် ချစ်ကျွမ်းဝင်သူသည် မြတ်သော မိတ်ဆွေဖြစ်၏။ နိဗ္ဗာန်သည် မြတ်သော ချမ်းသာ ဖြစ်၏ ဟု မြတ်ဗုဒ္ဓက ဟောတော်မူ၏။ မဟာဘာရတ ဇာတ်တော်ကြီးတွင် ဟတ္ထိနာဂပုရပြည့်ရှင် ဘုရင် ဇနမေဇယမင်းကြီးက ဗျာသ မည်သော ပညာရှိသူတော်ကောင်း ရသေ့ကြီးအား လျှောက်ဖူး၏" အိုအရှင်၊ အရှင်၏ ဂုဏ်ကျေးဇူးကြောင့် အကျွန်ုပ်ထံတွင် အလုံစုံ အကုန်စင် ရှိပါ၏။ ရတနာ ရွှေငွေ ဆန်ရေစပါး ပေါကြွယ်ဝပြီး ပညာရှိ သူရဲကောင်းများလည်း ဝန်းရံနေကြပါ၏။ သို့သော် အကျွန်ုပ်၏ ရှေးအတိတ် မကောင်းမှု အကုသိုလ်ကံကြောင့် ကုဌနူနာ ကိုယ်ရေပြား ရောဂါ စွဲကပ်နေပါ၏။ ထို့ကြောင့် ဤ၍ဤမျှ ကြီးကျယ် ခမ်းနား များပြားစွာသော ချမ်းသာသုခ အဝဝသည် အကျွန်ပ်အတွက် အဆိပ်သက်သက် ဖြစ်နေပါသည်။ "ဟု လျှောက်ထားဖူး၏။ ထိုကြောင့် လာဘ်လာဘတို့တွင် အနာရောဂါကင်းခြင်းသည်လည်း မြတ်သော လာဘ်ဟု ဆိုနိုင်ပါသည်။ အနောက်တိုင်း ဆေးပညာရှင်တို့သည်လည်း "လူသားတို့ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာတို့တွင် အသက်သည် ပထမ၊ ကျန်းမာခြင်းသည် ဒုတိယ အဖိုးထိုက်တန်ဆုံး ဖြစ်၏"ဟု ဆိုကြ၏။
မဟာသုဗောဓာရုံဆရာတော်ကြီးကလည်း "ဆုံးမသမျှ နားထောင်၊ ကျန်းမာအောင် သတိပြု၊ သိမှုအတွက် ကြိုးစား၊ ဝတ္တရား ကျေပွန်စေ၊ ကွက်လပ်တွေ မရှိစေနဲ့။ " ဟု စာရေးသူတို့ မိခင်ကျောင်းတိုက်ကြီးမှာ နေစဉ်က ကျန်းမာရေး အထူးဂရုစိုက်ကြဖို့ မကြာခဏ သြဝါဒ ပေးတော်မူခဲ့၏။
အနာရောဂါ ကင်းရှင်းဖို့ ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင်စားသောက်တတ်ကြရမည် ဖြစ်၏။
(၂) ငါးပါးသီလကို အစဉ်စောင့်ထိန်းရမည်ဖြစ်၏။သီလအကြောင်း အထူးပြောစရာမလိုသော်လည်း ငါးပါးသီလတွင် လူသားတို့သည် သူတပါး အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်နိုင်လျှင် ဤလောကကြီး အကြမ်းဖက်မှုတွေမရှိဘဲ အစဉ်ထာဝရ ငြိမ်းချမ်းရေး ရမည်သာ ဖြစ်၏။ ထို့ကြောင့် အခြခံအားဖြင့် ငါးပါးသီလကို စောင့်ထိမ်းခြင်း ဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး အထိ တည်ဆောက်နိုင်မည် ဖြစ်၏။
(၃) ပညာရှိ သူတော်ကောင်းထံ အဆုံးအမ နာခံရမည်။
လောကတွင် ပညာရှိသူတော်ကောင်းနှင့် ကင်းပြီး လူတော်လူကောင်း မဖြစ်နိုင်ပေ။ လူတော်လူကောင်း ဖြစ်ဖို့ ပညာရှိသူတော်ကောင်းတို့၏ အဆုံးအမကို နာယူသင့်၏။ သို့မှသာ အညွှန့်တလူလူ အောင်လံထူကာ လူ့အနှစ်သာရနှင့် ပြည့်စုံသော လူတော်လူကောင်းများ ဖြစ်လာကြမည် မလွဲပါ။ အကျိုးလိုလားသဖြင့် ဆုံးမလာသော ပုဂ္ဂိုလ်တို့၏ အဆုံးမများကို နာယူတတ်သော အလေ့ကျင့်များ မွေးမြူကြရမည်။
(၄) အကြားအမြင် ဗဟုသုတ ရှာဖွေ စုဆောင်းရမည် ဖြစ်၏။
စာအုပ်စာပေမှ ပေးသော အသိအမြင် ဗဟုသုတသာမက မိမိ အမြဲမြင်ကြားနေရသော အကြောင်းအရာ အချက်အလက်များမှလည်း ယင်းအချက်အလက်များကို သင်ခန်းစာ အဖြစ်ယူကြရမည်ဖြစ်၏။ ထိုသို့ သင်ခန်းစာကောင်းများ အမိအရ မိမိဘဝအတွေ့အကြုံမှ ထုတ်နှတ်ယူနိုင်ခြင်းသည် အကောင်းဆုံးသော ဗဟုသုတ ရှာမီးခြင်းပင် ဖြစ်၏။
(၅) ကောင်းသော အကျင့် သုစရိုက်တရားနှင့် ပြည့်စုံအောင်နေရမည် ဖြစ်၏။
လူ့ပတ်ဝန်းကျင်တွင် အကျင့်စာရိတ္တမကောင်းသူကို မည်သူမျှ တရင်းတနှီး ပေါင်းသင်းဆက်ဆံခြင်း မပြုလုပ်လိုကြ။ အကျင့်စာရိတ္တကောင်းမွန်သူကိုသာလျှင် အရေးတယူ ဆက်ဆံချင်ကြ၏။
(၆) ပစ္စည်းဥစ္စာကို ကြိုးကြိုးစားစား ရှာဖွေရမည်။
ပစ္စည်းဥစ္စာ ရှာဖွေရာတွင် လုံ့လဝီရိယ ရှိဖို့ လိုအပ်၏။ လောကနီတိတွင် " ပျင်းရိသူအား အတတ်ပညာ မတတ်၊ အတတ်ပညာမရှိသူအား ဥစ္စာမရနိုင်၊ ဥစ္စာမရှိသူအား မိတ်ကောင်းဆွေကောင်း အဘယ်မှာ ရနိုင်မည်နည်း" ဟု ဆိုထား၏
ဤဆိုခဲ့ပြီးတရား ခြောက်ပါးကား လောကီနယ်ပယ်တွင်သာမက လောကုတ္တရာနယ်ပယ်မှာလည်း အထူးအရေးကြီးပါသည်။ တိုးတက်ကြီးပွားလိုသူတို့သည် ဤတရားခြောက်ပါးတို့ကို လိုက်နာကျင့်သုံးသင့်လှပေ၏။ သို့မှသာ လူဖြစ်ကျိုး နပ်ပြီး လူ့ဘဝအရတော်မည် ဖြစ်ကြောင်း ထပ်လောင်း တိုက်တွန်းအပ်ပေသည်။
မေတ္တာဖြင့်
Comments
Post a Comment