သစ္စာတရား
သစ္စာတရား
(ဒုက္ခသစ္စာ)
___________
မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူသောအခါ လူနတ်ဗြဟ္မာ သတ္တဝါများကို လောကဖြစ်စဉ်ကို အမှန်အတိုင်း သိဖို့အတွက် " သစ္စာတရား" ကို ဟောကြားတော်မူခဲ့လေသည်။
သစ္စာဆိုတာ လောကကြီးမှာ ပကတိဖြစ်နေသည့် အရှိတရားပင် ဖြစ်၏။ သစ္စာသိလျှင် ဒုက္ခငြိမ်း၏။ သစ္စာ မသိကြလို့ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ထို့ကြောင့် မြတ်စွာဘုရားက ဒုက္ခငြိမ်းဖို့အတွက် သစ္စာတရားကို ဟောကြားခဲ့ခြင်း ဖြစ်သည်။ သစ္စာတရားသည် ၄- ပါး ရှိ၏။
၁။ ဒုက္ခသစ္စာ- ဆင်းရဲခြင်းအမှန်တရား။ ( ရုပ်နှင့် နာမ်)
၂။ သမုဒယသစ္စာ - ဆင်းရဲဖြစ်ကြောင်း အမှန်တရား။ ( လောဘ)။
၃။ နိရောဓသစ္စာ - ဆင်းရဲချုပ်ရာ အမှန်တရား။ ( နိဗ္ဗာန်)။
၄။ မဂ္ဂသစ္စာ - ဆင်းရဲချုပ်ကြောင်း အမှန်တရား။ ( မဂ္ဂင်ရှစ်ပါး)။
၁။ ဒုက္ခသစ္စာ
------------
"ဒုက္ခသစ္စာ" ဟူသည် အမှန်ဆင်းရဲသည့်တရားဟု အဓိပ္ပါယ်ရ၏။ ဆင်းရဲသည့်တရားဆိုသည်မှာ တခြား မဟုတ်၊ သတ္တဝါများ ရရှိထားသည့် " ဘဝခန္ဓာ" ပင် ဖြစ်သည်။
တချို့ခန္ဓာသည် ရုပ်တရားနှင့် တည်ဆောက်ထား၏။ တချို့ခန္ဓာသည် နာမ်တရား (စိတ်) နှင့် တည်ဆောက်ထား၏။ တချို့ခန္ဓာသည် ရုပ် နာမ်နှစ်ပါးဖြင့် တည်ဆောက်ထား၏။
ရုပ်တရားသည်လည်း ဖောက်ပြန်ပျက်စီးရ၏။ နာမ်တရားသည်လည်း ဖောက်ပြန်ပျက်စီးရ၏။ ထို့ကြောင့် ရုပ်နာမ်တို့ဖြင့် တည်ဆောက်ထားသော ခန္ဓာမှန်သမျှသည် ဒုက္ခသာ ဖြစ်သည်။
လူ့ဘဝ လူ့ဒုက္ခ
----------------
မိမိတို့ ရရှိနေသည့် လူ့ခန္ဓာကြီးကို ကြည့်လျှင်ပင် ဒုက္ခမှန်း သိသာလှ၏။ လူ့လောကကြီး ရောက်ရောက်ချင်း ငိုခဲ့ရ၏။ မိမိတို့သည် လူ့ဘဝကြီးကို အငိုခန်းနှင့် စတင်ဖွင့်လှစ်ခဲ့၏။ ထို့ကြောင့် ဒုက္ခသစ္စာဆိုသည်မှာ ပြောဘွယ် မလိုတော့ပေ။
မိမိတို့သည် ခန္ဓာကြီးကို နေ့စဉ် ပြုစုနေရ၏။ ထမင်းဆာလျှင် ထမင်းကျွေးရ၏။ ရေဆာလျှင် ရေတိုက်ရ၏။ ပူလျှင် အေးအောင် လုပ်ပေးရ၏။ အေးလျှင်လည်း နွေးအောင် လုပ်ပေးရ၏။
မိမိတို့ ခန္ဓာကြီးကို ထိုသို့ပြုစုနိုင်ဖို့အတွက် စီးပွား ရှာရ၏။ မရှာချင်လည်း ရှာရ၏။ ပင်ပန်းလည်း ရှာရ၏။ ထို့ကြောင့် ဒုက္ခမျိုးစုံ ကြုံတွေ့ရ၏။ တခါတရံ အဆဲခံရ၏။ တခါတရံ အဆူခံရ၏။ တခါတရံ အနှိမ် ခံရ၏။ တခါတရံ ချောက်တွန်းခံရ၏။ တခါတရံ လှည့်စား ခံရ၏။ တခါတရံ အသက်တောင် ရန်ရှာခံရ၏။
ရှာဖွေရသည့် ဒုက္ခကား မသက်သာလှ။ " ပရိယေသန ဒုက္ခ" ဟု ခေါ်၏။ အရပ်ထဲမှာတော့ " သမုဒ္ဒရာ ဝမ်းတစ်ထွာ" ဟု ပြောကြ၏။ ဝမ်းဗိုက်လေးကား တစ်ထွာတစ်မိုက်မျှ ရှိသော်လည်း နေ့တိုင်း ဖြည့်ပေးနေရသောကြောင့် သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှ၏ဟု ဆိုလိုပေသည်။
ရှာဖွေရုံနှင့် မရသေး၊ ရှာဖွေလို့ ရလာသော် မပျောက်ပျက်အောင် ထိန်းသိမ်းရပြန်၏။ " အာရက္ခဒုက္ခ" ဟု ခေါ်၏။ ထို့ကြောင့် " မရှိတောင့်တ ရှိကြောင့်ကြ" ဟု ပြောကြခြင်း ဖြစ်သည်။ မရှိတော့လည်း တောင့်တရလို့ ဆင်းရဲ၏။ ရှိတော့လည်း ကြောင့်ကြရလို့ ဆင်းရဲပြန်၏။ ဘယ်ဘက်ကမှ မလွတ်ပါတကား။
ထိုသို့စောင့်ရှောက်နေသည့် ကြားထဲက တခါတရံ မီးဘေးနှင့် ကြုံရ၏။ တခါတရံ ရေဘေးနှင့် ကြုံရ၏။ တခါတရံ သားဆိုးသမီးဆိုးဘေးနှင့် ကြုံရပြန်၏။ ထို့ကြောင့် စိတ်ဆင်းရဲ ကိုယါဆင်းရဲ ဖြစ်ကြပြန်၏။
လူဆိုသည်ကား တစ်ယောက်တည်း နေလို့ မရ၊ အစုအဖွဲ့နှင့် နေကြရ၏။ ထို့ကြောင့် အိမ်ထောင်ရေး သားရေး သမီးရေး ဆွေရေးမျိုးရေး လူမှုရေးကလည်း ကင်းလို့ မရပေ။ ထို့ကြောင့် မပြောချင်လည်း ပြောရ၏။ မဆိုချင်လည်း ဆိုရ၏။ နီးတကျက်ကျက် ဝေးတသက်သက်ဆိုသည့်အတိုင်း နီးလျှင် ရန်ဖြစ်ရ၏။ ဝေးလျှင် လွမ်းဆွတ်ရပြန်၏။ ဝေးဝေးနီနီး ဒုက္ခမကင်းပေ။ နောက်ဆုံး အပြီးတိုင် ခွဲရပြီဆိုသောအခါ မျက်ရည်ကျရပြန်၏။
ရုပ်ခန္ဓာကြီးကလည်း ဖောက်ပြန်နေသည့်အတွက် ရောဂါကလည်း အမြဲတမ်း ဖြစ်၏။ ဦးခေါင်းက နာလိုက်, လက်က နာလိုက်, ရင်က နာလိုက် ဗိုက်က နာလိုက် , ခါးက နာလိုက် ဒူးက နာလိုက်နှင့် တစ်ခုပြီးတစ်ခု နာနေတော့၏။ ထို့ကြောင့် ကျန်းမာသည်ဟု ပြောခြင်းသည် မသိလို့ ပြောခြင်း ဖြစ်၏။
ခန္ဓာကြီးသည် မနာသည့် နေ့ မရှိပေ။ နည်းနည်းနာတာနှင့် များများ နာတာသာ ကွာ၏။ များများ နာလျှင်တော့ ဆေးရုံတက်ရတော့၏။ " မြွေပူရာ ကင်းမှောင့်" ဆိုသကဲ့သို့ တခါတရံ ကပ်ရောဂါများက နှိပ်စက်ပြန်၏။
ယင်းသို့နှိပ်စက်သောကြောင့် နောက်ဆုံး ဘယ်လိုမှ မခံနိုင်သည့်အခါ ဇီဝိန်ချုပ်ပြီး သေဆုံးရလေတော့သည်။
ထို့ကြောင့် ခန္ဓာကြီးသည် ရွာပျက်ကြီးနှင့် တူ၏။ ရွာပျက်ကြီးကို ကြည့်လိုက်လျှင် တချို့အိမ်က ပြို, တချို့အိမ်က ယိုင်, တချို့အိမ်က ဆွေးတချို့အိမ်က ပျက်နှင့် နောက်ဆုံး ပျောက်ဆုံးသွားလေတော့သည်။ ခန္ဓာကြီးသည်လည်း ရုပ်ပျက်ဆင်းပျက် ဖြစ်ပြီး နောက်ဆုံး ပျောက်ဆုံးရမည်သာ ဖြစ်သည်။
နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းက၊
အိုခြင်း နောက်ဆုံး ရှိချေ၏။
အနာကင်းခြင်း ကျန်းမာခြင်းက နာခြင်း နောက်ဆုံး ရှိခြေ၏။
ချစ်ခင်ပေါင်သင်း ဆက်ဆံခြင်းက၊ကွကွင်းနောက်ဆုံးရှိချေ၏။
ဇီဝိန်ထင်လင်း၊ သက်ရှင်ခြင်းက၊
သေခြင်းနောက်ဆုံး ရှိချေ၏။
ခန္ဓာမှန်သမျှ ဒုက္ခသာ
--------------------
လူခန္ဓာ နတ်ခန္ဓာ ဗြဟ္မာ့ခန္ဓာ ပြိတ္တာခန္ဓာ တိရစ္ဆာန်ခန္ဓာ ငရဲသားခန္ဓာတို့သည် နာကျင်ကိုက်ခဲ ဖောက်ပြန် ပျက်စီးတတ်၏။ ထို့ကြောင့် ဒုက္ခတုံး ဒုက္ခခဲကြီး ဖြစ်သည်။
ခန္ဓာမှန်သမျှ ဒုက္ခသာတည်း။ ဒုက္ခသေးနှင့် ဒုက္ခကြီးသာ ကွာပေသည်။ လူ နတ် ဗြဟ္မာတို့၏ ခန္ဓာကား ဒုက္ခသေးဖြစ်ပြီး အပါယ်ဘုံသား ခန္ဓာများကား ဒုက္ခကြီး ဖြစ်၏။
အပါယ်ခန္ဓာ ရခြင်းသည် မစင်တွင်း နစ်၍ သေရသည်နှင့် တူ၏။
လူခန္ဓာ နတ်ခန္ဓာကို ရခြင်းသည် မြစ်ထဲနစ်၍ သေရသည်နှင့် တူ၏။
ဗြဟ္မာ့ခန္ဓာကို ရခြင်းသည် သကာအိုးထဲ နစ်၍ သေရသည်နှင့် တူ၏။
ထို့ကြောင့် ဘယ်ခန္ဓာပဲဖြစ်ဖြစ်၊ ခန္ဓာ ရှိလျှင်တော့ သေရမည်သာ ဖြစ်၏။ သေရမည် ဖြစ်သောကြောင့် ဒုက္ခသာတည်း။
ထို့ကြောင့် မြတ်စွာဘုရားက ရုပ်နာမ်တရားတို့ဖြင့် တည်ဆောက်ထားသော ခန္ဓာကြီးကို " ဒုက္ခသစ္စာ" ဟု ဟောခဲ့ခြင်း ဖြစ်ပါသည်။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
________________________
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
Crd,
Comments
Post a Comment